နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို မည်သို့ကုသနိုင်သနည်း။

နေထိုင်မှုဘဝပုံစံပြောင်းလဲခြင်းသည် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် အထောက်အကူဖြစ်နိုင်ပါသလား။

  • ခန္ဓာကိုယ်လှုပ်ရှားမှုတစ်မျိုးမျိုးကြောင့် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းဖြစ်တတ်ပါက ထိုသို့သောလှုပ်ရှားမှုအား ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
  • ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။
  • အရက်သောက်သုံးခြင်းကို ကန့်သတ်ထားပါ။
  • ကဖင်းဓာတ် စားသုံး/သောက်သုံးခြင်း (ဥပမာကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်များနှင့် ကဖင်းဓာတ်ပါဝင်သော ဆေးဝါးများ) ကို လျှော့ချ/ရပ်တန့်ပါ။ အချို့သောသူများသည် ကဖင်းဓာတ်၏အာနိသင်ကို ပိုမို၍ခံစားရတတ်ပါသည်။
  • အချို့သော နှာစေး၊ ချောင်းဆိုးပျောက် ဆေးဝါးများသည် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို ဖြစ်စေတတ်သော လှုံ့ဆော်တတ်သောအာနိသင်ရှိ၍ ၎င်းတို့အားသုံးစွဲခြင်းမှရှောင်ကြဉ်ပါ။ ဆေးဝါးများကိုမသုံးစွဲမီ ဆေးအညွှန်းများကိုသေချာစွာလေ့လာခြင်း၊ ဆရာဝန်နှင့်တိုင်ပင်ခြင်းတို့ကို ပြုလုပ်ပြီးမှသာ သုံးစွဲသင့်ပါသည်။

နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကိုကုသရန် မည်သည့်ဆေးဝါးများရှိသနည်း။

  • နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကိုကုသမှုဆေးများမှာ
    • နှလုံးခုန်နှုန်းစည်းချက်ကို ထိန်းညှိပေးသောဆေးဝါးများ
    • သွေးကျဲဆေးနှင့် သွေးခဲပျော်ဆေးများ၎င်းတို့သည် သွေးကြောထဲတွင်သွေးခဲများဖြစ်ပေါ်ခြင်းမှတားဆီးပေးပြီး လေဖြတ်ခြင်းမှကာကွယ်ပေးပါသည်။ ၎င်းတို့တွင်  Warfarin Aspirin Plavix (Clopidogrel) တို့ပါဝင်ပါသည်။ Pradaxa (dabigatran) Xarelto (Rivaroxaban) Apixaban (Eliquis) တို့သည် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို ကာကွယ်ရန်အတွက် နောက်ဆုံးပေါ်ဆေးအမျိုးအစားသစ်များဖြစ်ကြပါသည်။

ပြင်ပမှလျှပ်စီးကြောင်းဖြင့် နှလုံးလျှပ်စီးကြောင်းပြုပြင်ခြင်း သည် သောက်ဆေးဖြင့်ထိန်းချုပ်ရာတွင် မသက်သာသော နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ထိရောက်သည့်ကုသမှုနည်းလမ်းတစ်မျိုးဖြစ်ပါသည်။ ၎င်းမှာ လူနာအား မေ့ဆေးဖြင့်ယာယီပေးထားပြီး ပြင်ပမှလျှပ်စီးကြောင်းဖြင့် နှလုံးအားရင်ဘတ်ပေါ်မှရှော့ခ်ရိုက်၍ ပုံမှန်နှလုံးခုန်နှုန်းစည်းချက်ပြန်လည်ရရှိစေရန်လှုံ့ဆော်ပေးခြင်းဖြစ်ပါသည်။

နှလုံး Pacemaker စက်တပ်ခြင်းသည် နှလုံးခုန်နှုန်းနှေးသူများတွင် ထိရောက်သောကုသမှုဖြစ်ပြီး နှလုံးအားပုံမှန်ခုန်နှုန်းဖြင့် အလုပ်လုပ်စေရန် လျှပ်စီးကြောင်းများထုတ်လွှတ်ပေးသောစက် တပ်ဆင်ထားခြင်းဖြစ်ပါသည်။ Pacemaker ၏တည်ဆောက်ပုံမှာ Pulse generator ဟုခေါ်သော ဘက်ထရီတပ်ဆင်ထားသည့်ကွန်ပြူတာအသေးစားမှတစ်ဆင့် လျှပ်စီးကြောင်းများကို နှလုံးကြွက်သားများသို့ ဝါယာကြိုး (leads) များတစ်လျှောက်စီးဆင်းစေပါသည်။ နောက်ဆုံးပေါ် Pacemaker များသည် ပိုမို၍တိကျပြောင်မြောက်သောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပြီး နှလုံး၏ပုံမှန်ခုန်နှုန်း၊ ကြိမ်နှုန်း ရရှိစေရန် လှုံ့ဆော်ပေးနိုင်ပါသည်။

နှလုံးခုန်နှုန်းထိန်းညှိစက် (ICD) သည် အသက်အန္တရာယ်ပေးနိုင်သော နှလုံးအောက်ခန်းခုန်နှုန်းမြန်ခြင်း၊ တလှပ်လှပ်ခုန်ခြင်းရောဂါအခြေအနေများကို ထိရောက်စွာကာကွယ်မှုပေးနိုင်သော နက်နဲသောလုပ်ငန်းဆောင်တာများလုပ်နိုင်သည့် နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပါသည်။ ICD ၏လုပ်ငန်းဆောင်တာမှာ နှလုံးခုန်နှုန်းကို အချိန်ပြည့်စောင့်ကြည့်စောင့်ကြည့်နေပြီး ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းမြန်ခြင်းမျိုး တွေ့ရှိသည်နှင့်တစ်ပြိုင်နက် နှလုံးကြွက်သားများသို့ လျှပ်စီးကြောင်းထုတ်လွှတ်ပေးပြီး ပုံမှန်နှလုံးခုန်နှုန်းကို ပြန်လည်ရရှိစေပါသည်။

သွေးကြောမှတစ်ဆင့် နှလုံးလျှပ်စီးကြောင်းအပို မီးရှို့ကုသခြင်း (Catheter Ablation) သည် ကြိမ်နှုန်းမြင့် လျှပ်စီးကြောင်းဓာတ်အားဖြင့် နှလုံး၏ပုံမှန်မဟုတ်သောလျှပ်စီးကြောင်းအပိုရှိရာနေရာသို့ ထုတ်လွှတ်ပေးပြီး ထိုလျှပ်စီးကြောင်းအားဖြတ်‌တောက်ပစ်ခြင်းဖြင့် ကုသမှုပေးပါသည်။ Catheter Ablation ကို PSVT Atrial fibrillation၊ နှလုံးအပေါ်ခန်းခုန်နှုန်းမြန်၍နှလုံးအပေါ်ခန်းခါယမ်းခြင်း (Atrial flutter) နှင့် အချို့သောနှလုံးအပေါ်ခန်းနှင့်အောက်ခန်း နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းတို့ကို ကုသရာတွင် အသုံးပြုပါသည်။ Catheter Ablation ကို အခြားသောကုသမှုနည်းလမ်းများနှင့်လည်း တွဲဖက်၍အကောင်းဆုံးကုသမှုရရှိအောင် လုပ်ဆောင်လေ့ရှိပါသည်။

နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် နှလုံးခွဲစိတ်မှုဆိုသည်မှာ နှလုံးအပေါ်ခန်းခုန်နှုန်းမြန်၍ တလှပ်လှပ်ခုန်ခြင်း (Atrial fibrillation) ကဲ့သို့သောအခြေအနေမျိုးတွင် ကုသမှုပေးခြင်းမျိုးဖြစ်ပါသည်။ ဥပမာအားဖြင့် Maze procedure ဟုခေါ်သောခွဲစိတ်မှုတွင် နှလုံးအပေါ်ခန်း ၂ ခန်း၏ လိုအပ်သောနေရာများကို ခွဲစိတ်ဓားဖြင့် အရာများပေးပြီး လျှပ်စီးကြောင်းပုံမှန်အတိုင်းပြန်လည်ဖြစ်သည်အထိ ခွဲစိတ်ကုသမှုပေးသည့် နည်းလမ်းဖြစ်ပါသည်။ အချို့သောလူနာများတွင် ထိုသို့ခွဲစိတ်မှုပြုလုပ်ပြီး နှလုံး Pacemaker ပါတပ်ဆင်၍ နှလုံးခုန်နှုန်းစည်းချက်မှန်ကန်အောင် ထိန်းချုပ်ရပါသည်။ 

နှလုံးခွဲစိတ်မှုကို နှလုံးခုန်နှုန်းစည်းချက်မူမမှန်ဖြစ်စေသောအခြားရောဂါအခြေအနေများကို ကုသရာတွင်လည်း ပြုလုပ်လေ့ရှိပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

နှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း
ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး