နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းသည် လွန်စွာအဖြစ်များပြီး အများစုမှာ စိုးရိမ်ရန်မလိုအပ်သော ရောဂါအခြေအနေတစ်ခုဖြစ်ပါသည်။ လူတိုင်းနီးပါး တစ်ချိန်မဟုတ်တစ်ချိန်တွင် ထိုသို့သော နှလုံးစည်းချက်မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်စည်းချက်ကျော်ခြင်းနှင့် နှလုံးစည်းချက်မြန်၍တလှပ်လှပ်ဖြစ်ခြင်း ကဲ့သို့သောအခြေအနေမျိုးကို ကြုံတွေ့ဖူးကြလိမ့်မည်။ သို့ရာတွင် ထိုသို့သောနှလုံးစည်းချက်ပုံမှန်မဟုတ်သည့် အခြေအနေသည် ရောဂါတစ်ခုအနေဖြင့်စိုးရိမ်ရလောက်အောင်ပြင်းထန်လာပြီး တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုပါ ဒုက္ခပေးလာနိုင်ပါသည်။ နှလုံးခုန်မမှန်ခြင်း ရောဂါအတွက် အစားအသောက်၊ နေထိုင်မှုပုံစံတို့ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်သလို ရောဂါဖြစ်လာချိန်တွင်လည်း ထိရောက်စွာကုသမှုခံယူပါက ရောဂါပျောက်ကင်းသက်သာအောင် ထိန်းချုပ်နိုင်ပါသည်။

နှလုံးခုန်နှုန်းနှင့် စည်းချက်တို့ကို နှလုံးအတွင်းရှိ လျှပ်စီးကြောင်းများဖြင့် ထိန်းချုပ်ထားပါသည်။ နှလုံးတစ်ချက်ခုန်ခြင်းတိုင်းအတွက် နှလုံး၏ညာဖက်အပေါ်ထောင့်တွင်ရှိသော SA node မှလျှပ်စီးကြောင်းတစ်ခု စတင်ထုတ်လွှတ်ပေးရပါသည်။ ထို SA node မှထုတ်လွှတ်လိုက်သော လျှပ်စီးကြောင်းသည် နှလုံးအတွင်းရှိလျှပ်စီးကြောင်းများမှတစ်ဆင့် နှလုံးတစ်ခုလုံးသို့ပျံ့နှံ့သွားပြီး နှလုံးတစ်ချက်ခုန်ခြင်းကို ဖြစ်ပေါ်စေ၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးညှစ်ထုတ်ပေးပါသည်။ ကျန်းမာသော အရွယ်ရောက်ပြီးသူတစ်ဦး၏နှလုံးသည် ပုံမှန်နားနေချိန်တွင် SA node မှ တစ်မိနစ်လျှင် လျှပ်စီးကြောင်း ၆၀ မှ ၁၀၀ ကြား ပုံမှန်ထုတ်လွှတ်ပေးပါသည်။

SA node မှထုတ်လွှတ်လိုက်သောလျှပ်စီးကြောင်းသည် နှလုံး၏အပေါ်ခန်း ၂ ခန်းသို့ သက်ဆိုင်ရာလျှပ်စီးကြောင်းများမှတစ်ဆင့် စီးဆင်းသွားပြီး အပေါ်ခန်း ၂ ခန်းကို ညှစ်ရန်လှုံ့ဆော်ပေးပါသည်။ ထိုသို့ နှလုံးအပေါ်ခန်းမှညှစ်ထုတ်လိုက်သော သွေးများသည် နှလုံး၏အောက်ခန်း ၂ ခန်းသို့ စီးဝင်သွားပါသည်။ ထိုအချိန်တွင် ယင်း SA node မှလျှပ်စီးကြောင်းသည် နှလုံးအခန်း ၄ခန်း၏ အလယ်ဗဟိုရှိ AV node သို့ရောက်ရှိလာပြီး နှလုံး၏အောက်ခန်း ၂ ခန်းသို့ သွေးများရောက်ရှိပြီးချိန်အထိ ခေတ္တနှောင့်နှေးသွားပါသည်။

AV node သို့ရောက်ရှိလာသော လျှပ်စီးကြောင်းသည် နှလုံး၏အောက်ဖက်ပိုင်းသို့ Bundle of His ဟုခေါ်သော လျှပ်စီးကြောင်း အစုအဝေးမှတစ်ဆင့် ဆက်လက်စီးဆင်းလာပြီး ဘယ်ဖက်ခြမ်းနှင့် ညာဖက်ခြမ်းသို့ လျှပ်စီးကြောင်းများခွဲထွက်သွားပါသည်။ ထိုသို့ ဘယ်ဖက်နှင့်ညာဖက်ခြမ်းရှိ နှလုံး၏အောက်ခန်း ၂ခန်းသို့ လျှပ်စီးကြောင်း‌များခွဲထွက်ရောက်ရှိသွားပြီး နှလုံးအောက်ခန်း၂ခန်း ညှစ်ထုတ်အောင် လှုံ့ဆော်ပေးပါသည်။

နှလုံး၏ ညာဖက်အောက်ခန်းမှသွေးများကို အဆုတ်သို့လည်းကောင်း၊ ဘယ်ဖက်အောက်ခန်းမှသွေးများကို ကျန်ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးသို့လည်းကောင်း ညှစ်ထုတ် ပို့လွှတ်ပေးပါသည်။

ထို့နောက် နှလုံးအောက်ခန်းများပြန်လည် ပြေလျော့သွားပြီး SA node မှ အသစ်တစ်ဖန် လျှပ်စီးကြောင်းတစ်ခုထပ်မံထုတ်လွှတ်ပေးပြီး နောက်တစ်ကြိမ် နှလုံးခုန်ရန် ပြန်လည်လှုံ့ဆော်ပေးပါသည်။

နှလုံးခုန်နှုန်းစည်းချက် မှန်မမှန် ဘယ်လိုသိရှိနိုင်မလဲ။

နှလုံးခုန် မမှန်ခြင်းသည် တစ်ခါတစ်ရံ မည်သည့်လက္ခဏာမျှမခံစားရပဲ ရောဂါရှိမှန်းမသိနိုင်တာမျိုး ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ ဆရာဝန်မှ နှလုံးခုန်နှုန်းကို လက်ကောက်ဝတ်မှတိုင်းတာခြင်း၊ နားကြပ်ဖြင့် နှလုံးခုန်သံစမ်းသပ်ခြင်း တို့ ပြုလုပ်ချိန်မှသိနိုင်တာမျိုး ဖြစ်တတ်ပါသည်။ 

နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို အောက်ပါရောဂါလက္ခဏာများနှင့် စစ်ဆေးမှုများမှသိရှိနိုင်ပါသည်။

  • နှလုံးစည်းချက်မြန်၍တလှပ်လှပ်ဖြစ်ခြင်း၊ နှလုံးစည်းချက်ကျော်သွားခြင်း၊ နှလုံးခုန်မြန်၍ တဒုန်းဒုန်းခံစားရခြင်း
  • ရင်ဘတ်ထဲတွင် နှလုံးလှုပ်ခတ်မှုပြင်းထန်ခြင်းကိုခံစားနေရခြင်း
  • ခေါင်းမူးခြင်း၊ ခေါင်းမကြည်လင်ခြင်း
  • အသက်ရှူမဝခြင်း
  • ရင်ကြပ်ခြင်း
  • မောပန်းနွမ်းလျခြင်း
  • အီးစီဂျီဆွဲခြင်း
  • ၂၄ နာရီနှလုံးမော်နီတာစက်တပ်၍နှလုံးစစ်ဆေးခြင်း
  • ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးစစ်ဆေးခြင်း
  • နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း (Echocardiogram)
  • နှလုံးလျှပ်စစ်ကြိမ်နှုန်းစစ်ဆေးခြင်း (EPS)
  • Head-up tilt table test ဖြင့် စစ်ဆေးခြင်း

နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ကုသမှုပိုင်းတွင်လည်း ရောဂါ၏အခြေအနေအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ အချို့သောအခြေအနေများတွင် မည်သည့်ကုသမှုမျှ မလိုအပ်ပါ။ ကုသမှုလိုအပ်သော အခြေအနေများအတွက် ကုသမှုနည်းလမ်းများမှာ 

  • နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
  • သောက်ဆေးဖြင့် ထိန်းညှိခြင်း
  • ပြင်ပမှလျှပ်စီးကြောင်းဖြင့် နှလုံးလျှပ်စီးကြောင်းပြုပြင်ခြင်း (Electrical Cardioversion)
  • Pacemaker စက်တပ်ခြင်း
  • နှလုံးခုန်နှုန်းထိန်းညှိစက်တပ်ခြင်း (Implantable Cardioverter-Defibrillator)
  • သွေးကြောမှတစ်ဆင့် နှလုံးလျှပ်စီးကြောင်းအပို မီးရှို့ကုသခြင်း (Catheter Ablation)
  • နှလုံးခွဲစိတ်ခြင်း

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

နှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း
ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး